Wednesday, April 11, 2012

*သင်္ကြန်နှစ်ဦး အထူးပြုသင့်သည်များ*



နှစ်သစ်ကူးလို့ နှစ်ဦးကိုရောက်ပြီဆိုပြန်တော့ မိမိတို့ဘ၀မှာ ကျေးဇူးအကြီးမားဆုံးပုဂ္ဂိုလ်များဖြစ်တဲ့ မိဖနှစ်ပါးကို အရင်ဦးဆုံး အမှတ်ရကာ ရေမိုးချိုးပေးခြင်း ၊ အ၀တ်အစားအသစ်များဖြင့် ကန်တော့ခြင်း ၊အသက်ရှည်ရာ အနာမဲ့ကြောင်း ခွန်အားလည်းသစ်စေမယ့် စားကောင်းသောက်ဖွယ်များ ဆေးဝါးများကို လှုဒါန်းခြင်းစတဲ့ နှစ်ဦးကော်းမှုများပြု ကြဖို့ ရှိခိုးကော်ရော် အရိုအသေပြုကြဖို့ မမေ့ကြပါစေနဲ့ ၊

ဒီလိုနှစ်သစ်ကူးပြီးပြီးချင်း မိဖနှစ်ပါးပါးစပ်ဖျားမှနေ၍ ငါ့သားငါ့သမီးကြီး ဘုန်းကြီး၍ သက်တော်ရာကျော်ရှည်ပါစေ လိုရာဆန္ဒပြည့်စုံပါစေဆိုတဲ့ မိဘတို့ရင်ထဲကလာတဲ့ မေတ္တာပြည့်ဝတဲ့စကားကို အရယူနိုင်ကြပါစေလို့ ဆန္ဒပြုရင်း .. ပါဠိတော်လာ မိဘတို့ကျေးဇူးနဲ့ပတ်သက်တဲ့ မြတ်ဗုဒ္ဓရဲ့ သြ၀ါဒကထာကို နှစ်သစ်ကူးလက်ဆောင်အဖြစ် မျှဝေပေးလိုက်ပါတယ် ။

''အမိအဖတို့ကိုသားသမီးတို့၏
ဗြဟ္မာဟူ၍လည်းကောင်း၊
အိမ်ဦးနတ်ဟူ၍လည်းကောင်း၊
လက်ဦးဆရာဟူ၍လည်းကောင်း၊ အရပ်ဝေးမှ ဆောင်လာ၍သော်လည်း ပေးလှူအပ်သော အလှူခံထိုက်သူတို့ဟူ၍လည်းကောင်း ဆိုရကုန်၏၊
သား သမီးတို့အား စောင့်ရှောက်တတ်ကုန်၏။

ထို့ကြောင့် ပညာရှိသည် ထိုအမိအဖတို့ကို ရှိခိုးရာ၏၊ ထမင်းဖြင့်လည်းကောင်း၊
အဖျော်ဖြင့်လည်းကောင်း၊
အဝတ်ဖြင့်လည်းကောင်း၊
အိပ်ရာနေရာဖြင့်လည်းကောင်း၊
နံ့သာပျောင်းစသည်တို့ဖြင့် လိမ်းကျံပေးခြင်းဖြင့်လည်းကောင်း၊
ရေချိုးပေးခြင်းဖြင့်လည်းကောင်း
ခြေဆေးပေးခြင်းဖြင့်လည်းကောင်း ကောင်းစွာ ပြုရာ၏။

အမိအဖတို့၌ ထိုလုပ်ကျွေးခြင်းဖြင့် ထိုသူကို
ဤဘဝ၌ပင် ပညာရှိတို့ ချီးမွမ်းကုန်၏၊
တမလွန်ဘဝ၌ နတ်ပြည်သို့ ရောက်ကာ ဝမ်းမြောက်ရ၏''
(သဗြဟ္မကသုတ်-ဣတိဝုတ်ပါဠိတော်)

No comments:

Post a Comment